ဘိုကလေး ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ စဉ်ဆက်ပညာရေးလုပ်ငန်းအား အောက်တိုဘာ (၈)ရက်နေ့မှစတင်၍ ရက်(၉၀)တိုင်တိုင် ရပ်ကွက်၊ ကျေးရွာ (၂၈)အုပ်စုတွင် စာသင်ဝိုင်း(၉၆)ဝိုင်းဖွင့်လှစ်၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ပေးခဲ့သည့် ပြည်သူ(၁၀၀၀)ဦး သင်ကြားဆွေးနွေးပို့ချလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၉)ရပ်ကွက်တို့ရှိ စာသင်ဝိုင်းတို့အား ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အိဖြိုးဝင်းနှင့်အဖွဲ့၊ မြန်မာ့ပညာရေးရုပ်သံမှ ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုဝင်းနှင့်အဖွဲ့တို့က တတ်မြောက်မှုအရည်အသွေးအား ကွင်းဆင်းအကဲဖြတ်၍ မှတ်တမ်းတင်ရိုက်ကူးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အကဲဖြတ်ဆောင်ရွက်ခြင်းသည် သင်ယူမှုရလဒ်ကောင်းများဖြစ်ပေါ်လာစေရေး၊ စေတနာ့လုပ်အားပေးများ၏ သင်ကြားမှုအောင်မြင်ရေး၊ စာသင်သားဒေသနေပြည်သူများ၏ဘဝကို ချဉ်းကပ်ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ပြီး အဆိုပါ အကဲဖြတ်ဆောင်ရွက်ခြင်းနှင့် မှတ်တမ်းတင်ရိုက်ကူးခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်း၊ ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ ဘိုကလေးမြို့နယ်ပညာရေးမှူးနှင့်အဖွဲ့တို့မှ လိုက်ပါပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)