ဖျာပုံ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၈)နာရီခွဲအချိန်၌ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာရှိ ကျုံကဒွန်းတိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာသို့ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ ကွင်းဆင်းလှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာတွင် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းဦးဆောင်လျက် အထူးကုဘာသာရပ်များဖြစ်သော ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးကျန်းမာ၊ မျက်စိ၊ အရိုး၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ နား၊ နှာခေါင်း လည်ချောင်း၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေးတို့မှ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သက်ဆိုင်ရာလက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာမများပါဝင်သော ကုသရေးအဖွဲ့မှ ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူ (၄၅၉) ဦးအား ကျန်းမာရေးစောင့်ရှောက် ကုသပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်