စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူ အင်အား  ၃၈၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုရင်ပြင်ရှိ သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံ‌ဝှေ့ရမ်းကာ သက်မှတ်နေရာများမှစတင်၍ ပြင်ထောင်စုရင်ပြင်မှ အနောက်ဘက်ကန်သာယာ ကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြရာ အဆိုပါရင်ပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁)၊ အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fitness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား စည်ပင်သာယာရေးအဖွဲ့မှ ဧည့်ခံကျွေးမွေးသည့် နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား ကံစမ်းမဲများ ဖွင့်ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ ဆုမဲပေါက်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဆုမဲများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)