သာယာဝတီမြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ဧက ၂၀၀၀ ကျော် စိုက်ပျိုးအောင်မြင်

သာယာဝတီ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ ကျေးရွာများတွင် ဖူးစားပြောင်းစိုက်တောင်သူများသည် ယခုနှစ်တွင် ဧက ၂၀၀၀ ကျော် စိုက်ပျိုးထားကာ အောင်မြင်ဖြစ်ထွန်းပြီး ပြောင်းဖူးဈေးကောင်းသောကြောင့် တွက်ချေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။

ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်ပြီး နွေနှင့် ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ် ရေလုံလောက်စွာရရှိရန် ပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးပြီးအပင်များ ကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအား ထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရကာ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျော့ကျသွားနိုင်ကြောင်း ဖူးစားပြောင်းစိုက်ပျိုးသူ တောင်သူက ပြောကြားခဲ့သည်။

ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လအတွင်း ခုတ်၍ ရောင်းချနိုင်ကြောင်း သိရသည်။ 

သာယာဝတီမြို့နယ်၏ လက်ရှိပြောင်းဖူးဈေးနှုန်းများမှာ လက်လီဈေးတစ်ဖူးလျှင် ကျပ် ၇၀၀၊ လက်ကားဈေး ကျပ် ၅၀၀ ဈေးဖြင့် ရောင်းချနေကြကြောင်း သိရသည်။ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်းများ ပို၍ကောင်းမွန်စေပြီး ဖူးစားပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေးဟူ၍ သုံးမျိုးရှိရာ ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြု စိုက်ပျိုးကြသည်၊၊

ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုးရှိသော်လည်း အတန်းလိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် ပြောင်းဖူးပင်များပို၍ ရှင်သန်ကြီးထွားစေသည်။ ပြောင်းဖူးပင်များမှာ ၁ ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး တစ်ပင်ကို သုံးဖူး/လေးဖူးအထိ ဖူးကာ ပြောင်းစိုက်ပျိုးသူများမှာ ဝင်ငွေကောင်းကာ အဆင်ပြေနေကြကြောင်း ဖူးစားပြောင်း စိုက်ပျိုးသူများထံမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)