ပွင့်ဖြူမြို့နယ်၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေတိုးပွား

ပွင့်ဖြူ ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းရေနှင့်မြေအောက်ရေကိုအမှီပြု၍ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး နေ့စဉ်မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေသည့်အတွက် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံးစီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် တောင်သူအများစုသည် သီးနှံတစ်မျိုးတည်းစိုက်ပျိုးခြင်းအစား သီးနှံဝင်ငွေပိုမိုရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ရောနှောစိုက်ပျိုးမှုများ ပိုမိုလုပ်ကိုင်လာကြကြောင်း သိရသည်။ အဓိကစိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်သီးနှံများမှာ ဘူး၊ ဖရုံ၊ သခွါး၊ ကြက်ဟင်းခါး၊ မုံညှင်းစိမ်း၊ ကိုက်လံ၊ မုံလာဥဖြူ၊ ကန်စွန်း၊ ချဉ်ပေါင်၊ ရုံးပတီ၊ ခရမ်းချဉ်၊ ခရမ်းသီး၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့် သီးနှံများကိုစိုက်ပျိုးကြပြီး စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် စိုက်ပျိုးသမျှ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ တစ်ရက်ခြားတစ်ကြိမ် လှိုင်လှိုင်ဆွတ်ခူးရောင်းချနေရ၍ မိသားစုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ သရက်အုပ်ကျေးရွာအပါအဝင် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို(နွေ၊ မိုး၊ ဆောင်း) စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟင်းသီးဟင်းရွက်စိုက်ပျိုး တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးခြင်း၊ အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာများအသိပညာပေးခြင်း၊ ပိုးမွှားရောဂါကင်းရှင်းရေးအတွက် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းစနစ်များသင်ကြားပေးခြင်းစသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)