မြိတ် ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၏ ၂ဝ၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကို အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအလိုက် ကြီးကြပ်မည့်သူများနှင့် စာဖြေကြမည့် ကျောင်းသား/သူများ လိုက်နာရမည့် စည်းကမ်းများကို ကြိုတင်သိရှိပြီး လုပ်ငန်းဆောင်ရွက်သည့်အခါတွင် အဆင်ပြေချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့သည်။
ထိုနောက် မြို့နယ်ပညာရေးမှူးက စာဖြေသူစာရင်း ပြုစုခြင်းကာလတွင် ဆောင်ရွက်ရန်လုပ်ငန်းများ၊ စာစစ်ဌာနများ လျာထားစီစဉ်ခြင်းကို ဆွေးနွေးပြောကြားပြီး အ.ထ.က(၃)ကျောင်းအုပ်ကြီး ဒေါ်ခင်မြသောင်းက တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လ/ထကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(၈)ကျောင်းအုပ်ကြီး ဦးထင်အောင်စိုးက တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အသေးသုံး၊ ကြီးကြပ်ခ ချီးမြှင့်ငွေထုတ်ပေးခြင်းဆိုင်ရာအချက်များ ဆွေးနွေးပြောကြားပြီး မြို့နယ်ပညာရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထ ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ကြမည့်သူများနှင့် ဆရာ/မ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၅) ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)