တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ ထားဝယ်မြို့တော်ခန်းမအဆောက်အဦအသစ်တည်ဆောက်နေမှုအခြေအနေများနှင့် ကမ်းနားလမ်းတစ်လျှောက်တည်ဆောက်ရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ထားဝယ် ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ထားဝယ်မြို့တော်ခန်းမအဆောက်အဦအသစ်တည်ဆောက်နေမှုအခြေအနေများနှင့်ကမ်းနားလမ်း တစ်လျှောက်တည် ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထားဝယ်ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ကြည့်ရှုအားပေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကောလိပ်ဝင်းအတွင်းရှိအဆောင်များ၊ လျှောက်လမ်းများ၊ ရေကန်များနှင့် ပတ်ဝန်းကျင်သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့တော်ခန်းမအဆောက်အဦအသစ်တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးတာဝန်ခံအင်ဂျင်နီယာ ဦးရဲထက်ဇော်က  အဆောက်အဦအသစ်ဆောက်လုပ်နေမှုအခြေအနေများ၊  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လျာထားသည့်ဆောင်ရွက်မည့်အဆောက်အဦ၏ အထူးအချောသပ်မြို့ပြလုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်းများ၊ အဆောက်အဦပြင်ပဆက်စပ်လုပ်ငန်းများနှင့်လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အဆောက်အဦအသစ်အား အချိန်မီပြီးစီးအောင်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားပြီး အဆောက်အဦအတွင်း တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ထားဝယ်မြို့တော်ခန်းမအသစ်၏ အဆောက်အဦအမျိုးအစား 1.5 Storey R.C.C Building၊ အဆောက်အဦအရွယ်အစား ၂၁၅ ပေ x ၁၁၀ ပေ (၄၀၃၆၄ စ/ပေ)၊ မြေဧရိယာအကျယ်အဝန်း 2.306 ဧက၊ ခန်းမအတွင်းဝင်ဆံ့လူဦးရေ မြေညီထပ်(၇၂၈)ဦး၊ ပထမထပ်(၁၀၆)ဦးဖြစ်ပြီး လုပ်ငန်းတစ်ခုလုံးပြီးစီးမှု 60 % ဖြစ်ကာ အဆောက်အဦဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁၆)က တာဝန်ယူတည်ဆောက်လျက်ရှိသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က  ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းတစ်လျှောက်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအထိ လမ်းချဲ့ခြင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့်အောင်တံခွန်ငါးဈေးအကြား ၂ လမ်းသွားချဲ့ခြင်းနှင့် ၄ လမ်းသွားချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဘုမ္မော်ချောင်းကူးတံတား (၈၀ ပေ သံကူကွန်ကရစ် တံတား ၁ စင်း) တည်ဆောက်နေမှုအခြေအနေ၊ ဆိပ်ကမ်းသာပန်းခြံရှေ့မြေယာရှု့ခင်း ဆောင်ရွက်နေမှုအခြေအနေ၊ မြောင်းပုလဲချောင်းကူးတံတား၊ ကမ်းနားလမ်းတံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအခြေအနေများများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မေတ္တာကမ္ဘာအေးကိုယ်ပိုင်ဈေးဟောင်းအား ကြည့်ရှုစစ်ဆေးပြီး ဈေးအတွင်းရောင်းချနေသော ဈေးရောင်းသူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ထားဝယ်-ကမြောကင်း- မောင်းမကန်လမ်း ကျောက်စီရေမြောင်းတည်ဆောက်နေမှုအခြေအနေများနှင့် ကျောက်စီရေမြောင်းဖောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ရက်အတွင်း သတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့် ပြီးစီးအောင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)