ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ မြန်အောင်မြို့နယ် အ.ထ.က (သခွတ်ကွင်း) ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

ကြံခင်း ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ မြန်အောင်မြို့နယ် အ.ထ.က (သခွတ်ကွင်း) ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ ယမန်နေ့ နေ့လယ်ပိုင်းက  ၈၁ ဦး လာရောက်လေ့လာကြသည်။

ဦးစွာ ဟောပြောပွဲအခမ်းနားကို ကျင်းပခဲ့ရာ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက နှုတ်ခွန်းဆက်စကားနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ စိတ်ပါဝင်စားစွာ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသားများ သိရှိနိုင်စေရန် သင်ကြားမှုဘာသာရပ်၊ နေထိုင်မှု၊ Grade -9 အောင်မြင်သူတိုင်း ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် ကျောင်းဝင်ခွင့်ရရှိရန် လျှောက်ထားရမည့်ပုံစံ စသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စက်မှုတာဝန်ခံဆရာ ဦးဝေလျှံလင်းက စက်မှုဘာသာရပ်အကြောင်းအရာများအားလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးဘာသာရပ်အကြောင်းအရာများအား တာဝန်ခံဆရာမ ဒေါ်နီနီလွင်က ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က (သခွက်ကွင်း) ကျောင်းအုပ်ဆရာကြီး ဦးကိုကိုကြီးက လာရောက်လေ့လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အ.ထ.က (သခွက်ကွင်း) ကျောင်းအုပ်ကြီးမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းအား အမှတ်တရ လက်ဆောင်အလှပန်းအိုးများ ပေးအပ်သည်။

ယင်းနောက် စက်မှုခန်းတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှု လက်တွေ့လုပ်ဆောင်နေမှုများအား အ.ထ.က (သခွက်ကွင်း) ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ကာ တာဝန်ခံဆရာ၊ ဆရာမများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ဘိုကာချီ (မြေဆွေး) ထုတ်လုပ်အဆင့်ဆင့်အား ဆရာစကျော်သက်ထွေးနှင့် ဆရာမဒေါ်နီနီလွင်တို့က လက်တွေ့သရုပ်ပြသပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)