ပေါင်းတည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက E- cigarette and Vape များရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်သတိပေး အသိပညာပေးခြင်းကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လူငယ်လူရွယ်များ၏ လည်တိုင်တွင်ချိတ်ဆွဲပြီးဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှုရှိုက်မှုတ်ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေကြသည်ဟုသိရသော E-cigarette and Vape သည် ဘေးထွက်ဆိုးကျိုးများရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့်အသက်အန္တရာယ်မရှိစေရေးအတွက် စျေးကွက်အတွင်း ရှိ /မရှိ စစ်ဆေးခြင်းနှင့်ရောင်းချခြင်းမပြုကြရန် သတိပေးအသိပညာပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ အဖျော်ယမကာဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ဆိုင်ပိုင်ရှင် ၁၀ ဦးအား အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)