ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကျောက်ကြီး ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း ဗန္ဓုလဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ၏စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ဟောပြောပွဲကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ခွဲမှူးက ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇) ချက်ဖြင့် ရပ်တည်နေမှုများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့် ခေါင်းစဥ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်စသည့် လုပ်ငန်းစဥ်သုံးရပ်ဖြင့် ဆောင်ရွက်နေမှုများ၊ လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူးက စစ်လက်နက်ပစ္စည်းများဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းတို့၏ အန္တရာယ်ကြီးမားပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးအကဲများထံ သတင်းပို့ရန် စသည့်အချက်များအား ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊  ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောက်ကြီးမြို့၊ အ.ထ.က (ခွဲ) ပဲခူးရပ်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)