ကျွန်းစု ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာအုပ်၊ စာပေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းစန္တာအေး က ကျား၊ မ ရေးရာနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ၊ မေတ္တာလက်ဆောင်များနှင့် သင်ထောက်ကူပစ္စည်းများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာနှင့်တာဝန်ရှိသူများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ သင်တန်းကို ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ (၉) ရက်နေ့ မှ ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ (၅) ရက်ကြာ သင်တန်းကို သင်တန်းသူ (၂၀) ဦးအား စာတွေ့လက်တွေ့ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)