လှိုင်းဘွဲ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆယ်အိမ်စုမှူးသင်တန်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးကာ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်က သင်တန်းတွင် သင်ကြားပို့ချသော လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို မိမိတို့ ရပ်ကွက်ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ အလားတူဌာနဆိုင်ရာအကြီးအကဲက မိမိတို့ရပ်ကွက်ကျေးရွာများမှ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ရရှိရထိုက်သည့် အခွင့်အရေးများကို ဒေသနေပြည်သူများ သိရှိနိုင်စေရန်အတွက် ပြန်လည်မျှဝေပေးကြရန် လိုအပ်ကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် တက်ရောက်သော သင်တန်းသူဒေါ်စန်းစန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်း ဆရာများအား ချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)