ကျိုက်လတ် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်း ပြုလုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ယနေ့ နံနက် (၅) နာရီက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစား လှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၄၀၀) ဦးခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ထွက်၍ (၃) ရပ်ကွက် ၆ လမ်း၊ ၆ လမ်းမှ ကန်တော်ကြီးလမ်းအတိုင်းသွား၍ အမှတ်(၄)ရပ်ကွက်၊ ၁၀ ဖြတ်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများမှ မီတာ(၁၀၀)ကျား/မ အပြေးပြိုင်ပွဲ၊ ရပ်လျက်အလျားခုန် ကျား/မ ပြိုင်ပွဲ၊ သံလုံးပစ် ကျား/မ ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်