မင်းဘူး ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် မင်းဘူးခရိုင် လ.ဝ.ကမှူး ဦးစောနိုင်ဦးက ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မင်းဘူးခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များဖြစ်ကြသော စုံစမ်းရေးမှူး ဦးဟိန်းသန်းထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေး ကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒု-ခရိုင်ဥပဒေအရာရှိ ဒေါ်ထက်ထက်စမ်းက အဂတိလိုက်စားမှုမြောက်နိုင်သောကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်ရမည်ဖြစ်ကြောင်း၊ စာရင်းစစ်ရုံးမှ ဦးစီအရာရှိ ဒေါ်ဥမ္မာလွင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရဲမှူး ကျော်ခိုင်စိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ (CPU) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)