ကြံခင်း ဒီဇင်ဘာ ၁၄
မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းဦးစီးမှူးများ၊ ခရိုင်/မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကြံခင်းမြို့နယ်အတွင်းနေထိုင်သည့် ချင်းတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ကြံခင်းမြို့နယ်တွင် ချင်းလူမျိုး၊ ချင်းတိုင်းရင်းသား (၂၂၂၂)ဦး၊ ကျေးရွာ(၇)ရွာတွင် မှီတင်းနေထိုင်ကြပြီး မိမိတို့လူမျိုး၏ ရိုးရာဓလေ့ထုံးတမ်းများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြကာ နှစ်စဉ်ရိုးရာပွဲများ ကျင်းပနေတာကိုကြည့်ခြင်းဖြင့် အမျိုးဂုဏ်မြှင့်တင်နေတာကို မြင်တွေ့ရပါကြောင်း၊ ချင်းလူမျိုးများဟာ မြန်မာ့သမိုင်းခေတ်အဆက်ဆက်တွင်နိုင်ငံတော်အပေါ် သစ္စာရှိခဲ့ကြပြီး ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်စားသောက်ကြသူများလည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ရိုးရာပွဲတော်များကို အခါအားလျော်စွာ တက်ရောက်ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စာပေနှင့်ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို တိုးတက်လာအောင်နှင့် လူမှုဘဝတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ လူမှုဘဝဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သောစိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။ ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် လျာထားလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိက လူမှုဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ကြံခင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများအား အသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဟောပြောခဲ့ကြသော ဌာနဆိုင်ရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)