ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ပြုလုပ်

ကသာ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက်စာကြည့်တိုက် Video Clip အား ပြသခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အလှူငွေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖတို့မှ စာအုပ်စာစောင်များနှင့်အလှူငွေများ လှူဒါန်းကြရာ အ.မ.က (၄) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမတို့မှ လက်ခံရယူခဲ့သည်။ အခမ်းအနားတွင် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဆုရကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုကြပြီး ကျောင်းသား/ ကျောင်းသူများ၏ ဇလုံရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခြေတစ်ချောင်းထောက်ပြိုင်ပွဲနှင့် အိပ်စွပ်ယှဉ်ပြိုင်နေမှုတို့ကို အားပေးကြည့်ရှုကြပြီး အမှတ်တရဆုလက်ဆောင်များ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)