ဖြူးမြို့နယ်၊ သုခဒါယီသီလရှင်ပရိယတ္တိစာသင်တိုက်တွင် တည်ထားလျက်ရှိသော ဒီပါအေးမြစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကျင်းပ

ဖြူး ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သုခဒါယီသီလရှင်ပရိယတ္တိစာသင်တိုက်တွင် တည်ထားလျက်ရှိသော ဒီပါအေးမြစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲမင်္ဂလာတော်တို့ကို ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း(၁၃)ရက်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် (၈) နာရီအချိန်က အဆိုပါသုခဒါယီသီလရှင်ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဒီပါအေးမြစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မင်္ဂလာသဘင်အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကာ ဒီပါအေးမြစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ဘုရားဒါယကာ၊ ဦးသက်စိန်နှင့် ဘုရားဒါယိကာမ ပါမောက္ခ ဒေါက်တာဒေါ်အေးအေးမြတို့မှ ဦးဆောင်ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား သုံးကြိမ်လှည့်ပတ်ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာရထားပျံဖြင့် တင်လှူဆက်ကပ်ပူဇော်၍ ဒီပါအေးမြစေတီတော်မြတ်ကြီးအား အောင်ဂါထာတော်များဖြင့် ရင့်ကျူးပူဇော်ကာ ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက်နာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဘဒ္ဒန္တစိန္တိတာဘိဝံသ၊ ဖြူးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ၊ ဘဒ္ဒန္တပညာသာရနှင့် သံဃာတော်အရှင်သူမြတ်တို့က ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်တော်မူကြပြီး မင်္ဂလာသဘင်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းနှင့် ဒီပါအေးမြစေတီတော်မြတ်ကြီး ဉာဏ်တော်အမြင့်မှာ (၂၇) တောင်ရှိကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)