တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

ထားဝယ်       ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာရှိမှသာ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းရင်းနှီးမြှုပ်နှံမှုရှိမှသာလျှင် ဒေသမှာရှိသောဒေသခံပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ၊ စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုအလျောက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လမ်းချဲ့ခြင်း၊ ခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ လျှပ်စစ်မီးများရရှိအောင် ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ ကမ်းနားလမ်းတစ်လျှောက်သည် ထားဝယ်မြို့၏ ကျက်သရေဆောင်ဖြစ်လာနိုင်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအသစ်ရရှိ အောင် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဒုံးကြေးတိုင်ပြင်ကွင်း၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်တွင် ကျွန်းအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်နေသော Andaman Beauty Travel & Tour Co., Ltd က အခြားလုပ်ငန်းသုံးမြေအား သက်တမ်းတိုး ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊  ဦးပိုင်အမှတ် (၂၀)၊ ကွင်းအမှတ် (၁၄၈)၊ ဘုမ္မော်တောင်ကွင်း၊ ကျောက်မော်ရပ်ကွက်၊ ထားဝယ်မြို့နယ်တွင် ငါးဈေးတည်ဆောက်၍ ဆိုင်ခန်းများ ငှားရမ်းခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော Southern Dragon Myanmar Co., Ltd. က တည်ဆောက်ရေးကာလ ပထမအကြိမ်တိုးမြှင့်ခွင့်ပြုပါရန်တို့ကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)