ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်  ဒီဇင်ဘာ   ၁၄

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွတ်လပ်ရေးနေ့ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွတ်လပ်ရေးနေ့အခမ်းအနားသည် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ဌာနဆိုင်ရာ ပြခန်းများ၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊  စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် MSME ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဆုများလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ပြပွဲ၊ ပြိုင်ပွဲများကို လွတ်လပ်ရေးနေ့မတိုင်မီ ကြိုတင်ယှဉ်ပြိုင်စေပြီး လွတ်လပ်ရေးနေ့တွင် ဆုပေးပွဲကို တစ်ဆက်တည်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြခန်းများနေရာချထားမှုများ၊ ယာဉ်ရပ်နားကွင်း၊ အားကစားပြိုင်ပွဲကျင်းပရာနေရာများနှင့် အခမ်းအနား ကျင်းပမည့်နေရာများကို သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် စနစ်တကျ ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ယခင်နှစ်များတွင် ကျင်းပခဲ့သောအခမ်းအနားများမှ အားနည်းချက် များကိုပြင်ဆင်ပြီး ယခုနှစ်တွင် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြခန်းများ အနေဖြင့် မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများ ထင်သာမြင်သာရှိစေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပန်းပေါင်းဝေဆာသောမြို့များဖြစ်စေရေး ဆောင်ရွက်ထားရှိမှုများ၊ MSME ပြခန်းများတွင် သစ်သီးဝလံများ၊ ဒေသထွက်ကုန်များကို ပြင်ဆင်ပြသကြရန်နှင့် စျေးရောင်းပွဲတော်အား တစ်ပါတည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မတီများအလိုက် မိမိတို့တာဝန်ယူထားသောလုပ်ငန်းများအား အချိန်မီပြင်ဆင်ပြီးစီးရေး ဆောင်ရွက်ကြရန်နှင့် ကော်မတီဝင်များကလည်း ဆွေးနွေးပေးကြစေလိုကြောင်း  အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားပြင်ဆင်ရေးကော်မတီမှ လွတ်လပ်ရေးနေ့အခမ်းအနားပြင်ဆင်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးကော်မတီမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီမှ ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များနှင့် ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုများကိုလည်းကောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်းများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများပြသမည့် ဌာနများစာရင်းများကိုလည်းကောင်း တင်ပြခဲ့ကြပြီး ကော်မတီဝင်များမှ အထွေနွေဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)