မြောင်းမြ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွေရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ (၃း၀၀) နာရီအချိန်က မြန်မာယူနီယံမြော်လင့်ခြင်းဓမ္မတက္ကသိုလ်၌ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင်မီးသတ်ဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးဇော်မင်းက Electric vehicle ယာဉ်များမီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တက္ကသိုလ်မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်စခန်းမှူးဦးမင်းလွင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာယူနီယံမြော်လင့်ခြင်းဓမ္မတက္ကသိုလ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)