ပဲခူးမြို့တွင် ဒီဇင်ဘာလ (တတိယအပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဒီဇင်ဘာလ (တတိယအပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲအား ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒီဇင်ဘာလ (တတိယအပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှေ့မှ စတင်၍ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း၊ ကျောက်တွင်းကုန်းလမ်းဆုံမှ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာလမ်း၊ ဟံသာဝတီယူနိုက်တက်ဘောလုံး အားကစားကွင်းအထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ သင်တန်းသူများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းလမ်းလျှောက်ကြပြီး ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။

ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲအား အပတ်စဥ်စနေနေ့တိုင်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)