ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဗောဓိရိပ်ငြိမ်တောရဆရာတော်အား ဖူးမြှော်ကြည်ညို၊ စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း (အခမဲ့)စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှု့အားပေး

ဟင်္သာတ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာနေဘုရင်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ​ရေချမ်းများ ကပ်လှူပူ​ဇော်ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဗောဓိရိပ်ငြိမ်တောရဆရာတော်အား ဖူး‌မြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ ​လျှောက်ထားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဗောဓိရိပ်ငြိမ်ဆရာတော်ကြီး၏ သက်တော်(၆၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေသခံပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း (အခမဲ့)စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး လာရောက်ပြသကြသူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် (ပြန်/ဆက်)