လှိုင်းဘွဲ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်သော ဆယ်အိမ်စုမှူးသင်တန်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိရပ်ကွက်ကျေးရွာများတွင် ပြည်သူများ သိရှိသိထိုက်သော ကျန်းမာရေးဆိုင်ရာများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာများကို သိရှိနိုင်စေရန်အတွက် သင်ခန်းစာများကို ယနေ့နံနက်ပိုင်းက သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကူးစက်ရောဂါလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်နှင်းနန္ဒာလင်းလင်းစောက ကျောင်းနေအရွယ်ကလေးသူငယ်တိုင်း ပညာရေးကို မဖြစ်မနေသင်ယူရေး၊ ပူပေါင်းဆောင်ရွက်ရေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစောသော်တာလင်းသန့်က ကလေးသူငယ် အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်မှုလုပ်ငန်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နော်က အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများကို နိုင်ငံတော်မှ ထောက်ပံ့နေမှုအား ကျေးရွာများတွင် သိရှိနိုင်ရေး၊ လိုအပ်သော သတ်မှတ်ချက်များအား ပြည့်စုံစွာစုဆောင်းနိုင်ရေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်အေးအေးရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ကြိုတင်ပြင်ဆင်ရမည့်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်/ ရှောင်ရန်များကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်အခွင့်အရေး သိကောင်းစရာများကို သင်တန်းတွင် တက်ရောက်လာသော သင်တန်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)