ရေဖြူမြို့တွင် ပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပြီး ကျောင်းသား/ သူများအား မီးဘေးအန္တရာယ် အသိပညာပေး

ရေဖြူ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် မီးသတိမူရေး၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျောင်းသား/ သူများအား မီးဘေးအန္တရာယ်အသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးအန္တရာယ်ကင်းဝေးစေရန်ပြည်သူများအား မိမိနေအိမ်များတွင် ရှောင်ရန်/ ဆောင်ရန်များ၊ မီးသတ်ဆေးဗူး အသုံးပြုပုံများ၊ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အချက်များပါရှိသည့် မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်များကို အ.ထ.က ရေဖြူတွင် ရေဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကိုမင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့အတူ ကျောင်းသား/ သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်အကြောင်း သိရှိနိုင်စေရန်အတွက် ရေဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူးက အသိပညာပေးဟောပြောခဲ့ပြီး တပ်ဖွဲ့ဝင်များက မီးတောက်အား မီးသတ်ဆေးဗူး၊ ရေစိုအဝတ်ငြိမ်းသတ်နည်းနှင့် ဂက်စ်ပိုက်မီးတောက်မှုအား မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ၍ ကျောင်းသား/သူများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခတ္တာ