တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်နှင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ပုံ၊ လွတ်လပ်ရေး၏အဓိပ္ပာယ်၊ လွတ်လပ်ရေး၏အနှစ်သာရများ၊ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တောင်တွင်းကြီးမြို့ စာပေချစ်မြတ်နိုးသူအဖွဲ့မှ အဖွဲ့ဝင်စာရေးဆရာ ဦးအောင်သက်ဦး(အောင်သက်တောင်တွင်း)နှင့် မြို့နယ်ဦးစီမှူး ဒေါ်အေးမိုးမိုးမြင့်တို့က အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)