ကရသူရိ ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများအား ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပလတ်စတစ်သည်သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း၊ လူနှင့်သက်ရှိသတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်းစသည့်ဆိုးကျိုးများနှင့် ပလတ်စတစ်များကို စနစ်တကျသုံးစွဲ၍ စွန့်ပစ်ရန်လိုအပ်ချက်များကို ပညာပေးပြောကြားသည်။ ထို့နောက် အသိပညာပေးပြဘုတ်ဖြစ်သည့် ပလတ်စတစ်ပေါ်ပေါက်လာပုံ၊ စွန့်ပစ်ပစ္စည်းဆိုသည်မှာ၊ ပလတ်စတစ်အန္တရာယ်၊ ပလတ်စတစ်ညစ်ညမ်းမှု၊ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ၏ အားသာချက်များ၊ အကျိုးသက်ရောက်မှုများ စသည့် စာစောင်များနှင့် ဓာတ်ပုံများကိုပြသရာ ကျောင်းသား/ သူများက လေ့လာကြည့်ရှုကြသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေးအတွက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်တတ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ပူးပေါင်းကာကွယ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)