တီးတိန်မြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(တီးတိန်)ဖွင့်ပွဲ ပြုလုပ်

တီးတိန် ဒီဇင်ဘာ ၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့၌၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တီးတိန်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က စကောလမ်းရပ်ကွက် အဆိုပါကျောင်း၌ ပြုလုပ်သည်။

ဦးစွာ တွာလ်ဇန်ကျေးရွာယဉ်ကျေးမှုအဖွဲ့က “အောင်ပွဲ”သီချင်းဖြင့်လည်းကောင်း အထက(၁) ကျောင်းသား၊ ကျောင်းသူများက ရိုးရာဝါးညှပ်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစိုးရစက်မှုလက်မှု (တီးတိန်)အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကိုကိုဦး၊ ခလရ(၂၆၉)ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျာလင်း၊ မြို့မိမြို့ဖကော်မတီအဖွဲ့ဝင် ဦးဇင့်ထောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တီးတိန်) ကျောင်းအုပ် ဦးထန်ကိမ်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါဖွင့်ပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးမိုး (ပြန်/ဆက်)