မြဝတီ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးတာဝန်ခံ၊ ဈေးသူဈေးသားများနှင့်အတူ ဘုရင့်နောင်ဈေးကြီးအတွင်း၌ ယမန်နေ့ညနေ ၃ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပသည်။
ဦးစွာ မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဖြိုးမင်းဇော်က ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်အချက်ပေးခြင်းနှင့် အမြန်မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို ရှင်းလင်းပြောကြားပေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအား စနစ်တကျကိုင်တွယ်အသုံးပြုပုံကို လက်တွေ့သရုပ်ပြသပေးကာ ဈေးကော်မတီဝင်များ၊ ဈေးသူ/ဈေးသားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အလင်းသစ် (လူမှုကူညီရေးအသင်း) တို့နှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ကြသည်။
အဆိုပါသရုပ်ပြပွဲတွင် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဖြိုးမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်မျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဈေးကြီးအတွင်း ဈေးဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် အရေးပေါ် မိန်းခလုတ်များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်ထားရှိရန် မှာကြားသည်။
အလားတူ မြဝတီမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)