အထက်မင်းလှ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေအကြောင်းအရာများ အသိပညာရေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မြမူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မိုးရီဝင်းတို့က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး၏ရည်မှန်းချက်၊ အဆိုးရွားဆုံးပုံစံဖြင့်အလုပ်ခိုင်းစေခြင်းအဓိပ္ပါယ်၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဝင်းမောင်က၊ ကလေးအလုပ်သမားများ၏အလုပ်လုပ်ချိန်၊ အချိန်ကန့်သတ်ချက်များ၊ ကလေးသူငယ်များအလုပ်လုပ်ကိုင်ရာတွင် လုပ်ကိုင်ခွင့်မပြုသည့်အလုပ်များနှင့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ကလေးအလုပ်သမားပပျောက်ရေး အသိပညာလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)