ပခုက္ကူမြို့၌ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ပခုက္ကူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအား ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းဝယ်လျက်ရှိသော အခြေခံဆန်ဈေးနှုန်းများ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ထားသည့် ဈေးနှုန်းများအလိုက် ရောင်းချနိုင်ရေး၊ ဆန်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် စံချိန်စံနှုန်းအရည်အသွေးများ ပြည့်မီရေး၊ ဈေးကစားခြင်း၊ သိုလှောင်ခြင်းများမပြုလုပ်ရေးနှင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောဆန်များဖြစ်ရေးတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပခုက္ကူမြို့ရှိ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များက မြို့ပေါ်အပါအဝင်ကျေးရွာများအတွင်း ဖြန့်ချီရောင်းဝယ်လျက်ရှိသော ဆန်အမျိုးအစားများနှင့်သတ်မှတ်ဈေးနှုန်းများ၊ လုပ်ငန်းဆောင်ရွက်ရာတွင်တွေ့ကြုံရသည့် အခြေအနေများအကြောင်းတို့ကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)