(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ကြီး ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို  အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း ဗန္ဓုလဆောင်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောက်ကြီးမြို့နယ်ပညာရေးမှူးမှ တက်ရောက်အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်နှင့် လွတ်လပ်ရေးသမိုင်းအကြောင်းအရာကို သိရှိစေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဥ်းကို ဟောပြောပြီး ကျောက်ကြီးမြို့မရဲစခန်း ဒုတိယရဲစခန်းမှူး ကိုကိုဇော်က မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ကျူးကျော်ရန်စပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံနှင့် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သည့် အာဇာနည်များအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားကို အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးခန့်တက်ရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)