ပွင့်ဖြူ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာ တောင်သူ ဦးမြသောင်း၏ ဧရာမင်း မိုးစပါးစံပြကွက်စိုက်ခင်းသို့ရောက်ရှိပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများကို တွေ့ဆုံကာ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် အထွက်တိုးရေးစနစ်များဖြစ်သည့် အပင်ဦးရေ ပြည့်မီအောင် စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများကို အသုံးပြုရာ၌ သဘာဝမြေဩဇာ၊ သဘာဝပေါင်းသတ်ဆေး၊ အပင်အားဆေးများကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲခြင်းဖြင့် စိုက်ပျိုးစရိတ် အကုန်အကျသက်သာစေပြီး သီးနှံဝင်ငွေပိုမိုရရှိနိုင်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးစေရန် ကောက်ရိုး၊ မြေဆွေး အစရှိသည့် မြေဩဇာများကို စိုက်ခင်းများအတွင်း ထည့်သွင်းအသုံးပြုကြစေလိုကြောင်း၊ လျာထားစိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးကြရန်နှင့် သီးနှံဝင်ငွေတိုးပွားရေး တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားစနစ် စိုက်ပျိုးကြစေလိုကြောင်း စသည်ဖြင့် တောင်သူအသိပညာပေး ဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကံဆွယ်ကျေးရွာ တောင်သူ ဦးမြသောင်း၏ ကွင်းအမှတ်(၉၅၇) ဧရာမင်း မိုးစပါးစံပြကွက်စိုက်ခင်း (၁၀)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ စုပေါင်း၍ စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် တစ်ဧက အစိုတင်း ၁၁၃ ဒဿမ ၂၈ တင်း၊ အခြောက်တင်း ၁၀၁ ဒဿမ ၉၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါး စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရကာ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးခြင်း၊ သီးနှံများ ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး ရိတ်သိမ်းပြီး စပါးများ အမိုးအကာအောက် အချိန်မီရောက်ရှိရေး စသည့် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အထိ မိုးစပါးဧက သုံးသောင်းကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )