မြန်အောင် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ရုံးလုပ်ငန်းဆိုင်ရာသင်တန်းကို မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့နံနက်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ရုံးလုပ်ငန်းဆိုင်ရာ(အခမ်းအနားမှူး)သင်တန်းတွင် မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်အောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးက အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ရုံးလုပ်ငန်းဆိုင်ရာ (အခမ်းအနားမှူး) သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ သင်တန်းသူ (၃၁) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)