မကွေး ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာတို့တွင် ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အကောင်အထည်ဖော် ဆောက်လုပ်ပြီးစီးသည့် ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားများကို ဒီဇင်ဘာလ ၁၁ ရက်နေ့က အဆိုပါ ကျေးရွာများ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က စာကြည့်တိုက်အဆောက်အဦသစ် (၂)လုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးရွာစာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားများတွင် ကျေးရွာစာကြည့်တိုက် ကမ္ပည်းမော်ကွန်းကျောက်စာများကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စာကြည့်တိုက်အဆောက်အဦများအတွင်း အများပြည်သူ လေ့လာဖတ်ရှုရန် ဆောင်ရွက်ထားရှိသော သုတ၊ ရသ စာအုပ်စာစောင်များ၊ ပရိဘောဂပစ္စည်းများ ဖြည့်တင်းထားရှိမှု၊ စာဖတ်ရန်နေရာများ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားများကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရနှင့် ပြည်သူများ စုပေါင်းလှူဒါန်းငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများ၌ စာကြည့်တိုက်အဆောက်အဦသစ်များ ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသော စာကြည့်တိုက်များတွင် ပရိဘောဂပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ/ရသ စာအုပ်စာစောင်များ လှူဒါန်းပေးခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ကျေးရွာများ၌ ယခုဆောက်လုပ်ပြီးစီးသည့် စာကြည့်တိုက်ကို အကျိုးရှိရှိ အသုံးချကာ အားလပ်ချိန်များတွင် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြစေလိုကြောင်း၊ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရှင်သန်လည်ပတ်ရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် ပွင့်ဖြူမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာ စာကြည့်တိုက်များနှင့်ပတ်သက်သည့် အချက်အလက်များကို လွှဲပြောင်းပေးအပ်ရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြသည်။
လယ်ကိုင်းကျေးရွာ သုနာပရန္တစာကြည့်တိုက် လျှပ်စစ်မီးတပ်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် စာကြည့်တိုက် ရေရှည်တည်တံ့လည်ပတ်နိုင်ရေးအတွက် အလှူရှင် ဦးသီဟဇော်နှင့် ဒေါ်မြင့်မြင့်မော် မိသားစုက ငွေပဒေသာပင် ငွေကျပ် (၅)သိန်းကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျေးရွာရပ်မိရပ်ဖများက စာကြည့်တိုက်အဆောက်အဦ ဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခု အကောင်အထည်ဖော် ဆောက်လုပ်ပြီးစီးသည့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ သုနာပရန္တစာကြည့်တိုက်အား မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ထောက်ပံ့ငွေဖြင့် စာကြည့်တိုက်အဆောက်အဦ ဆောက်လုပ်ခြင်းအတွက် ငွေကျပ်သိန်း (၁၀၀)၊ ပရိဘောဂပစ္စည်း ဝယ်ယူရေးအတွက် ငွေကျပ်သိန်း (၃၀)၊ စာအုပ်စာစောင်ဝယ်ယူရေးအတွက် ငွေကျပ်သိန်း (၂၀)၊ စုစုပေါင်း ငွေကျပ်သိန်း (၁၅၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ စန္ဒကူးမြေစာကြည့်တိုက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့် စာကြည့်တိုက်အဆောက်အဦ ဆောက်လုပ်ခြင်းအတွက် ငွေကျပ်သိန်း (၁၀၀)၊ ပရိဘောဂပစ္စည်း ဝယ်ယူရေးအတွက် ငွေကျပ်သိန်း (၃၀)၊ စာအုပ်စာစောင်ဝယ်ယူရေးအတွက် ငွေကျပ်သိန်း (၂၀)၊ စုစုပေါင်း ငွေကျပ်သိန်း (၁၅၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံသစ် (၂၁)တိုက်ကို အကောင်အထည်ဖော် တည်ဆောက်ပေးမည်ဖြစ်ရာ ယနေ့ဖွင့်လှစ်ခဲ့သည့် ပွင့်ဖြူမြို့နယ်မှ စာကြည့်တိုက်အဆောက်အအုံသစ် (၂)လုံးအပါအဝင် စုစုပေါင်း စာကြည့်တိုက် (၁၁)တိုက်ကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
မောင်ညီညာ