နတ်မောက် ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးသီးနှံခေါင်နှံမျိုးသန့်ရွေးချယ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့က ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ၊ ပ/ဂွေးချိုကျေးရွာနှင့် အင်းကုန်းကျေးရွာများတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မိုးစပါးမျိုးသန့်ခေါင်နှံရွေးချယ်ခြင်းနှင့် အသိပညာပေးဟောပြောတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိက မိုးစပါးခေါင်နှံမျိုးသန့်စပါးရွေးချယ်စိုက်ပျိုးနည်းပညာများဖြင့် ပျိုးဘောင်ပြုလုပ်၍ ပျိုးထောင်ခြင်း၊ ပျိုးနုတ်စိုက်ပျိုးခြင်း၊ မျိုးသန့်ရွေးချယ်ရာတွင် မျိုးကွဲပယ်၊ အပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်၊ ရိတ်သိမ်းချွေလှေ့သန့်စင်အခြောက်ခံ၍ မျိုးအဖြစ်သိုလှောင်သိမ်းဆည်းခြင်း နည်းပညာများအကြောင်းနှင့် မိုးစပါးသီးနှံခေါင်နှံမျိုးသန့်ရွေးချယ်ခဲ့ရာတွင် ခေါင်နှံများ အစိုဓာတ်(၁၂)ရာခိုင်နှုန်းလျော့ချပြီး သိမ်းဆည်းထားရှိကြောင်းနှင့် လာမည့်နှစ်မိုးရာသီတွင် ရွေးချယ်ထားသော ခေါင်နှံများမှ ပျိုးထောင်စိုက်ပျိုးခြင်းလုပ်ငန်းများဆောင်ရွက်၍ မျိုးသန့်ပွားများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တောင်သူများပူးပေါင်း၍ မိုးစပါး သီးနှံခေါင်နှံမျိုးသန့်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း