ကျောက်တံခါးမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ကျောက်တံခါး ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း (မူလွန်) (ကြိမ်ခြုံ) ကျောင်းနှင့် အခြေခံပညာမူလတန်း (မူလွန်) (အုတ်ပုံ) ကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တာဝန်ခံဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းတင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းများကိုဆောင်ရွက်ပြီး (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးအဓိဋ္ဌာန်၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်စသည့် အသိပညာပေးနံရံကပ်စာစောင်ပြသရာ ကျောင်းသားကျောင်းသူက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)