အိမ်မဲမြို့ အ​ခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က ကျောင်းစုနှင့် အ.မ.က ကျွဲလမ်းကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိက ဆုများပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ် ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသား/သူများကို သုတ၊ ရသ ရရှိစေမည့် စာအုပ်၊ စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)