မြောင်းမြ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အ.ထ.က (ခွဲ) မဒေါ့ချောင်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (ခွဲ) မဒေါ့ချောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ အ.ထ.က (ခွဲ) မဒေါ့ချောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသော Grade-11 မှ မောင်ဖြိုးဇေယျာလင်းက "ကာယဗလ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မညိုညိုဝင်းက "ဉာဏဗလ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သန့်ဇင်ထွန်းက "စာရိတ္တဗလ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိသဇင်က "ဘောဂဗလ" ခေါင်းစဉ်ဖြင့်လည်းကောင်း Grade-10 မှ မောင်ဖြိုးဝေထက်က "မိတ္တဗလ" ခေါင်းစဉ်တို့ဖြင့်လည်းကောင်း ဆွေးနွေးကြကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)