မော်လမြိုင်ကျွန်းမြို့နယ်၊ အ.ထ.က(ကျိုက်ပိ) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၂  

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ အ.ထ.က(ကျိုက်ပိ) ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခမ်းအနားကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ဦးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မျိုးဆက်သစ် လူငယ်များ စာကြည့်တိုက်များကို ဝင်ထွက်သွားလာပြီး စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အထများ ရရှိလာစေရန်၊ စာပေဖတ်ရှုရခြင်းကြောင့် အကောင်းအဆိုး ခွဲခြားတတ်လာစေရန်၊ လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ အချင်းချင်းပူးပေါင်းဆွေးနွေး ပြောဆို တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများကိုကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။  

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ Grade- 11 မှ ကျောင်းသား  မောင်ကောင်းဆက်သော်က (လူငယ်နှင့်မျိုးချစ်စိတ်)  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရဲရင့်ထက်နှင့် မမေဇင်ဦးတို့က (လူငယ်နှင့်စာရိတ္တ) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်သိမ့်သိမ်ကျော်က (လူငယ်နှင့်ကိုယ်ကျင့်တရား)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရဲမင်းထက်က (လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်) ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade - 12 မှ ကျောင်းသူများဖြစ်ကြသည့် မနော်ထဲလ်မီထူးနှင့် မနှင်းလဲ့စန္ဒာကျော်တို့က (လူငယ်နှင့် စာပေ) ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက်  အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ( ၂၈၆) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)