လိပ်သို ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်နော်ဒိုနီးရှာက ကျောင်းသား/ ကျောင်းသူများအား အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် လူကြီးများ၏နေရာတွင် ပခုံးပြောင်း၍ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်တိုင်းအတွက် မြင့်မားသော ပညာရေးသည် မဖြစ်မနေလိုအပ်သလို ကျန်းမာရေးကောင်းသော လူငယ်များဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ပညာ၏အကျိုး၊ စာပေ၏အကျိုးကို ခံစားလိုသော် စာဖတ်ခြင်းကို ပြုလုပ်ကြရမှာဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် အထွေထွေဗဟုသုတသိမှတ်ဖွယ်ရာများ နံရံကပ်စာစောင် ပြသထားရှိမှုအား ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိလိုသည်များအား မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်