လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်

လွိုင်ကော် နိုဝင်ဘာ ၂၈

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက လမ်းသွား၊ လမ်းလာပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား ပါးစပ်နှာခေါင်းစည်း(Mask)နှင့် Face Shield များ လိုက်လံဝေငှသည့် လှုပ်ရှားမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် ဦးဆောင်သော ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတို့က လွိုင်ကော်မြို့အတွင်းရှိ သီရိမင်္ဂလာဈေး၌ ဈေးရောင်း၊ ဈေးဝယ်သူများအား ပါးစပ် နှာခေါင်းစည်း (Mask) နှင့် Face Shield များတပ်ဆင်ပြီးမှ ဈေးရောင်း၊ ဈေးဝယ်ကြရန် အသိပညာ ပေးပြောကြားပြီး ပါးစပ်နှာ ခေါင်းစည်း(Mask) နှင့် Face Shield များလိုက်လံ ဝေငှခဲ့သည်။

ဆက်လက်၍   မိုင်းလုံးမီးပွိုင့် နှင့် မြို့လယ်နာရီတို့တွင် ပါးစပ်နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိသည့် လမ်းသွား၊ လမ်းလာပြည်သူများအား ပါးစပ် နှာခေါင်းစည်း (Mask)များကို လိုက်လံဝေငှတပ်ဆင်စေခဲ့ပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ Go Away Corona သီချင်းဖြင့် ကျန်းမာရေး အသိပညာ ပေး သရုပ်ဖော်မှုများဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပါးစပ်နှာခေါင်းစည်း(Mask) (၅၀၀၀)ခု နှင့် Face Shield (၅၀၀) ခုတို့ အား ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား အခမဲ့လိုက်လံ ဝေငှပေးခဲ့ကြောင်းသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)