ရှမ်းရွာသစ် ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ သူများ အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့က အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကျိုးပမ်းမှုသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများအကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်အကြောင်းအရာများနှင့်လွတ်လပ်ရေးကြိုးပမ်းမှုတစ်လျှောက်တွင် ပါဝင်သောခေါင်းဆောင်များ၏ မှတ်တမ်းများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)