ကော့သောင်း ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မေတ္တာစိုးကိုယ်ပိုင် အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ယနေ့ခေတ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်နှင့်ဇာတိသွေး၊ ဇာတိမာန်တက်ကြွကာ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းကြရန် အသိပညာပေးပြောကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် စားသုံးသူရေးရာကိစ္စရပ်များအကြောင်း၊ စားသုံးသူ၏ အခွင့်အလမ်းများအကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံလွတ်လပ်ရေးကို အရယူပေးခဲ့သော လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်များ၊ လွတ်လပ်ရေးရရန် တိုက်ပွဲဝင်ခဲ့ရသည့် သမိုင်းကြောင်း နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည်ရူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)