မြဝတီ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခြေခံစားသုံးကုန်ပစ္စည်းများအား ပြင်ပပေါက်ဈေးထက် စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီတွင် အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်ကြီးဈေးရှေ့၌ အခြေခံစားသုံးကုန်ပစ္စည်းများ ဖွင့်လှစ်ရောင်းချပေးသည်။
ထို့သို့ရောင်းချပေးရာတွင် မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခြေခံစားသုံးကုန်ပစ္စည်းများကို လက်လီပေါက်စျေးထက် ချိုသာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများနှင့် ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန်၊ ကြက်သား၊ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ငါး၊ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကိုစုပေါင်း ရောင်းချပေးခြင်း ဖြစ်သည်။ အလားတူ အခြေခံစားသုံးကုန်ပစ္စည်းများအား စုပေါင်းရောင်းချပေးခြင်းကို မြဝတီမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ တစ်ပတ်လျှင်နှစ်ကြိမ် ရောင်းချပေးသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)