ပွင့်ဖြူ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၌ ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာစီမံကိန်းကော်မတီဝင်များ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းအကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ချေးငွေအတိုးနှုန်းများနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဇီးကျွန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၆ ဦးကို ငွေကျပ် ၁၆ ဒဿမ ၇၃ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၉ ဦးကို ငွေကျပ် ၂၃ ဒဿမ ၉၁ သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၃၀ ဦးကို ငွေကျပ် ၅ ဒဿမ ၉၆ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၉၅ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၆ ဒဿမ ၆ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )