ကြံခင်း ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ မက်သနောလမ်းထိပ်တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင်ဘုရားသွား လမ်းမုဒ်ဦးတည်ဆောက်မည့်မြေနေရာအားမြေသန့်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ်သရဇ္ဈာယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဧည့်ပရိသတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ခဲ့ပြီး ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဒဓမ္မဇောတိကဓဇဘန္ဒန္တဝါယမထံမှ သရဏဂုံနှင့်ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား ဝတ္ထုငွေများအသီးသီး ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌထံမှ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များနှင့် မြို့နယ်မံစီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသောင်းထွဋ်လွင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုးတို့က မုဒ်ဦးဆောက်လုပ်မည့်နေရာ၊ မုဒ်ဦးတိုင်တို့အား ပရိတ်ပဌာန်းရေများဖြင့် ပက်ဖြန်းကြသည်။ အဆိုပါ အခမ်းအနားကို ကြံခင်းမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ၎င်းမုဒ်ဦးကို အလျား ၄၀ ပေ၊ အမြင့် ၂၈ ပေ တည်ဆောက်သွားမည်ဖြစ်ကြောင်း မုဒ်ဦးဆောက်လုပ်ရေးကော်မတီထံမှ သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)