ကျောင်းကုန်း ဒီဇင်ဘာ ၁၁
ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒီကနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးတင်မောင်က ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ လူငယ်များ အသိအလိမ္မာတိုးပွားအောင် စာပေဖတ်ရှုကြရန်၊ စာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးရန်နှင့် စာဖတ်ရှိန်မြင့်မားအောင် ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ကျပန်း၊ ပုံပြော၊ စာစီစာကုံး၊ ကဗျာရွတ်နှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကာ၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းအကများဖြင့် ဖျော်ဖြေပြီး၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါပွဲတော်တွင် စာပေဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ အကဖျော်ဖြေပွဲ၊ ဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့်ပညာရေးပြခန်းများ၊ ပုံပြော၊ ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဋိနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများအပြင် စာအုပ်ဈေးရောင်းပွဲတော်ကိုပါ ထည့်သွင်း၍ နှစ်ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)