လေးမျက်နှာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် လျော့နည်းကျဆင်းရေးနေ့အထိမ်းအမှတ် (၁၆) ရက်တာလှုပ်ရှားမှုအဖြစ် အမျိုးသမီးများအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပ

လေးမျက်နှာ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြို့နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ပိန်းအင်းအုပ်စု၊ ပိန်းအင်းကျေးရွာ၊ ကိုးနဝင်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် လျော့နည်းကျဆင်းရေးနေ့အထိမ်းအမှတ် (၁၆)ရက်တာလှုပ်ရှားမှုအဖြစ် အမျိုးသမီးများအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်ဝေဦးက မီးဘေးအန္တရာယ်နှင့် ပတ်သက်‌သော ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဝင်းက အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုများကြုံတွေ့လာပါက တိုင်ကြားဆက်သွယ်နိုင်သည့်နေရာများနှင့် အဖွဲ့အစည်းများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်မို့မို့လွင်က အမျိုးသမီးများသိသင့်သိထိုက်သော ကျန်းမာရေးဆိုင်ရာကိစ္စများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဒေါ်စိုးသီရိ‌ကျော်က ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သန်းဌေးက စားသုံးသူဆိုင်ရာဥပဒေများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်ခိုင်ခိုင်သော်မောင်က အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဥပဒေများ၊ အကြမ်းဖက်မှုအမျိုးအစားများနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်မီးသတ်ဒုတိယဦးစီးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးအရာရှိ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိတို့က တက်ရောက်လာသူများကို အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ခမောက်စု‌အုပ်စု၊ ခမောက်စုကျေးရွာ၊ အာသောကရာမဘုန်းတော်ကြီးကျောင်းတွင် အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးသက်ကို (ပြန်/ဆက်)