ပြည် ဒီဇင်ဘာ ၁၁
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ ရွာဘဲရပ်ကွက်ရှိ (မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ကျောင်းစာအပြင် အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုဖွံ့ဖြိုးတိုးတက်ရရှိစေမည့် သုတ/ရသစာအုပ်စာပေများ လေ့လာဖတ်ရှုရေးအကြောင်းကိုလည်းကောင်း၊ ပြည်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာမောင်ထက်ရှား(ပြည်)က လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်ခိုင်ဝါဝါအောင်က တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းကိုလည်းကောင်း အဆိုပါကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ဦးခန့်အား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုကြပြီး နယ်လှည့်စာကြည့်တိုက် သုံးဘီးယာဉ်မှ သုတ/ရသစာအုပ်စာစောင်များကိုလည်း စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)