ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဘိုကလေး ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားဖွံ့ဖြိုးစေရေးကိုရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းသို့ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်အတူ ကျောင်းသားလူငယ်၊ မောင်မယ်များအနေဖြင့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် စာများများဖတ်ကြရန်၊ စာဖတ်ခြင်းအလေ့အထမှအလေ့အကျင့်ကောင်း တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက စားသုံးကုန်များတွင်တွေ့ရသော ဆိုးဆေးများ၏အန္တရာယ်များ၊ မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များ၊ လူသုံးကုန်များ၏အန္တရာယ်များ၊ ဆေးလိပ်အပါအဝင် ဆေးရွက်ကြီး၏ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် ဟောပြောမှုများအပြီးတွင် ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ သုတ၊ ရသစုံ စာအုပ်စာစောင်များအား ချိတ်ဆွဲ၊ ခင်းကျင်းပြသရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုူခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)